တစ်နေ့ တစ်ခြား ပိုပိုများလာတဲ့ Bitcoin အခိုးခံရမှုများ - iT Guider
Tech

တစ်နေ့ တစ်ခြား ပိုပိုများလာတဲ့ Bitcoin အခိုးခံရမှုများ

Written by iT Guider

Bitcoin စောရမှုတွေ ပိုပြီး ကျယ်လောင်လာပါတယ်။ သက်တမ်း ၃နှစ်ရှိပြီ ဖြစ်တဲ့ ဆလိုဗေးနီးယားမှ Bitcoin ငွေကြေးအရောင်းအဝယ်ဌာနတစ်ခုထဲက ဒေါ်လာသန်း ၇၀ ကျော်တန် bitcoin များကို ဟက်ကာတစ်ယောက် ခိုးသွားပြီးနောက် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးဈေးကွက်တစ်ခုရဲ့ လုံခြုံမှုဟာ မေးခွန်းတွေ ရှိလာခဲ့ပါတယ်။

NiceHash ဟာ bitcoin mining Exchange တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ ကပဲ Bitcoin ပေါင်း ၄၇၀၀ ကျော် (၄၇၃၆) အခိုးခံလိုက်ရတာပါ။ အခုထက်ထိ ဘယ်ဟက်ကာက ခိုးသွားသလဲ မပြောနိုင်သေးပေမယ့် NiceHash ရဲ့ ဝက်ဘ်ဆိုက်ဟာ ဒီနေ့ အထိ ဒေါင်းနေဆဲပါပဲ။ ပြောနိုင်တာတစ်ခုက NiceHash ဝက်ဘ်ဆိုက်ထဲ ဝင်ကစ်သွားတဲ့ ဟက်ကာရဲ့ IP address ဟာ ဥရောပပြင်ပက ဖြစ်ပြီး တစ်ယောက်တည်းလည်း ဖြစ်နိုင်သလို အဖွဲ့ လိုက် လှုပ်ရှားသွားတာလည်း ဖြစ်နိုင်တယ်လို့ NiceHash ရဲ့ CEO မာကို ကိုဘယ်လ်က ကုမ္ပဏီရဲ့ Facebook စာမျက်နှာမှာ ဗွီဒီယိုတစ်ခုနဲ့ တင်ထားပါတယ်။

လက်ရှိ ဒစ်ဂျစ်တယ်ငွေကြေးရှာဖွေဖော်ထုတ်ရေး ဈေးကွက်မှာ အကြီးဆုံးလုပ်ငန်းကြီးတစ်ခုလို့ သတ်မှတ်ခံရတဲ့ NiceHash ဟာ Bitcoin ငွေကြေးဖလှယ်ရာ အချက်အချာဌာနတစ်ခု ဖြစ်ပြီး သူ့ အရင်မှာလည်း ဟက်ကာတွေဟာ Bitcoin တွေကို ခိုးလာခဲ့တာပါ။ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်ထဲမှာ bitcoin Exchange တစ်ခု ဖြစ်တဲ့ Mt.Gox ဟာ bitcoin ပေါင်း ၈ သိန်းခွဲ အခိုးခံခဲ့ရပါတယ်။ အဲဒီအချိန်က bitcoin တန်ဖိုးနဲ့ ကြည့်ရင် ဒေါ်လာ သန်း ၄၅၀ ပဲ ရှိပေမယ့် ဒီနေ့ အချိန် bitcoin တစ်ခု ဒေါ်လာ ၁၆၀၀၀ ဈေးနဲ့ တွက်ရင် လန့် စရာကောင်းတဲ့ တိုက်ခိုက်မှုပါ။

၂၀၁၅ ခုနှစ်ထဲမှာတော့ digital currency လုပ်ငန်းတစ်ခုဖြစ်တဲ့ Tether ရဲ့ digital wallet ထဲက ဒေါ်လာ ၃၁ သန်းဖိုး ပါသွားသလို တစ်နှစ်တည်းမှာပဲ ဥရောပ Bitcoin လဲလှယ်ရေးဌာန Bitstamp ဟာ ဟက်ကာများ လက်ထဲ ပါသွားပြီး bitcoin ပေါ့င်း ၁၉၀၀၀ အခိုးခံလိုက်ရပါတယ်။ ထိုစဉ်က Birtcoin တစ်ခု ၂၇၅ ဒေါ်လာနဲ့ သတ်မှတ်ထားတာ ဖြစ်လို့ ပျမ်းမျှ ဒေါ်လာ ၅.၂ သန်းလောက် ဆုံးရှုံးခဲ့တာပါ။ ယခုနှစ်ထဲမှာတော့ Bitcoin စောရမှုတွေ ပိုပြီး ကျယ်လောင်လာပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ မြောက်ကိုရီးယား ဟက်ကာတွေဟာ တောင်ကိုရီးယားဘက်မှ Bitcoin Exchanges များနဲ့ Bitcoin Wallets များကို တိုက်ခိုက်မှု အနည်းဆုံး ၅ ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီး ဒေါ်လာ ၅ သန်းကျော် ခိုးယူသွားတယ်လို့ ဆိုပါတယ်။ ဇူလိုင်လထဲမှာလည်း အစ္စရေးငွေကြေးကုမ္ပဏီ CoinDash ဟာ ဒေါ်လာ ၇ သန်း အခိုးခံခဲ့ရပါတယ်။

ဆိုင်ဘာလုယက်မှုများထဲမှာ ဘဏ်နဲ့ ATM တွေကို အွန်လိုင်းက ခိုးမှုပေါင်း များစွာပဲ ရှိခဲ့ရာကနေ အခုဆို Bitcoin တွေဘက် ဦးလှည့်လာတယ်လို့ ဆိုရမှာပါ။ Bitcoin ဟာ ဒစ်ဂျစ်တယ်ငွေကြေးဖြစ်တဲ့အတိုင်း အိုင်တီလုံခြုံရေးပညာရှင်များအမြင်မှာတော့ ဒါဟာ လုံးဝ ယုံကြည်စရာ မကောင်းတဲ့ ငွေကြေးပုံစံဖြစ်လို့ ပူဖောင်းတစ်လုံးနဲ့ တင်စားခဲ့ပါတယ်။ ဒီပူဖောင်းဟာ ဒီနေ့ အချိန်မှာတော့ မိုးပျံပူဖောင်း ဖြစ်နေပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.