ကမ္ဘာ့အကြီးမားဆုံး ကင်မရာပြပွဲ Photokina 2018 | iT Guider

                ၁၉၅ဝ ခုနှစ်က ဂျာမနီနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ကိုလုံးမြို့ ကြီးမှာ Photokina ဆိုတဲ့ပြပွဲကြီးကို ပထမဆုံးကျင်းပခဲ့ရာ ကမ္ဘာ့အကြီးမားဆုံး ကုန်စည်ပြပွဲကြီးလို့ ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တယ်။

                ကင်မရာနဲ့ ဓာတ်ပုံထုတ်လုပ်မှုတွေ အတွက် ကုန်ပစ္စည်းများကို အများဆုံး မြင်တွေ့ကြရတယ်။ အထူးသဖြင့် နိုင်ငံတကာက ပစ္စည်းအချို့သာ ပါဝင်ပြီး ဂျာမနီနိုင်ငံလုပ် ပစ္စည်းများကအများစု ပါဝင်တာကို သတိပြုမိခဲ့ကြတယ်။ ၁၉၅၁ ခုနှစ်က ကျင်းပတဲ့ Photokina ပြပွဲကြီးမှာတော့ အခြားနိုင်ငံများက ကင်မရာနဲ့ ဓာတ်ပုံလုပ်ငန်း ပစ္စည်းထုတ်လုပ်တဲ့ အဖွဲ့အစည်းပေါင်း (၇၀) ကျော်အထိ ပါဝင်လာတယ်။

Photokina 2018

Photokina 2018

                ၁၉၅၂ ခုနှစ်ပြပွဲကြီးမှာလည်း ပိုမိုစည်ကားများပြားလာခဲ့တယ်။ ဒါပေမဲ့ ၁၉၅၃ ခုနှစ်ပြပွဲမပြုလုပ်တော့ကာ ၁၉၅၄ ခုနှစ်ရောက်မှသာ ကျင်းပခဲ့ပြီး နှစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ Photokina ပြပွဲကြီးဖြစ်ခဲ့ရတယ်။ Photokina ပြပွဲကြီးကို ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသူတွေ များပြားပြီး လူသိများတဲ့ ကမ္ဘာကျော်ပြပွဲကြီးတစ်ခုဖြစ်လာတယ်။

                ၁၉၅၆ ခုနှစ် Photokina ပြပွဲ ဖွင့်လှစ်ချိန်မှာ အမေရိကန်နိုင်ငံ သမ္မတကြီး အိုင်စင်ဟောင်ဝါက ကြေးနန်းနဲ့ ဂုဏ်ပြုသဝဏ်လွှာ ပို့ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းလည်း ရှိခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်နောက်ပိုင်းမှာ Photokina ပြပွဲကြီးကို တစ်နှစ် တစ်ကြိမ်ပြန်လည်ကျင်းပဖို့ စီမံခဲ့ကြရတယ်။

Photokina 2018

Photokina 2018

                ၂ဝ၁၈ ခုနှစ်ရဲ့ Photokina 2018 ပြပွဲကြီးကို စက်တင်ဘာလ ၂၆ ရက်ကနေ ၂၉ ရက်အထိ ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ထုံးစံအတိုင်းကျင်းပပြီးစီး သွားခဲ့တယ်။ Photokina ပြပွဲကြီးနဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်ကြသူများက Photokina 2018 ကို ကမ္ဘာ့အကြီးမားတကာ့ အကြီးမားဆုံးကင်မရာပြပွဲကြီးလို့ မှတ်ကျောက်တင်လိုက်ကြတယ်။

                ၁၉၅၆ ခုနှစ်ပြပွဲကြီးကစပြီး စက်တင်ဘာလ ဝန်းကျင်ရက်များမှာ အစဉ်တစိုက် ကျင်းပလာခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာတော့ Photokina 2019 ကို မေလမှာ ကျင်းပမယ်လို့ ပြင်ဆင်သတ်မှတ် လိုက်ကြပြန်ပါတယ်။ နောင်နှစ်ကစပြီး တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ပွဲကြီးဖြစ်လာပါလိမ့်မယ်။

Photokina 2018

Photokina 2018

                အကြီးမားတကာ့အကြီးမား ဆုံးကင်မရာပြပွဲကြီးလို့ သတ်မှတ်ရလောက်အောင် ကင်မရာနဲ့မှန် ဘီလူးအသစ်များ၊ အထောက်အကူပြု တပ်ဆင်ကိရိယာသစ်များကို အပြိုင်အဆိုင် မိတ်ဆက်ပြသကြတဲ့ Photokina 2018 ပြပွဲကို မဖြစ်မနေ မှတ်တမ်းတင်ကြရတယ်။

                ဓာတ်ပုံပညာရှင်များ၊ ဓာတ်ပုံဝါသနာရှင်များအနေနဲ့ လှပဆန်းပြားတဲ့ နောက်ခံအပြင်အဆင်များနဲ့ ရိုက်ကူးခွင့်ရစေတဲ့ စတူဒီယိုများကို ပြင်ဆင်ထားပေးတာကိုလည်း တွေ့ခဲ့ကြရတယ်။ ပြပွဲကြီးရဲ့ အဆိုအညွှန်းကတော့ Imaging unlimited ဖြစ်တယ်။

                ကင်မရာထုတ်လုပ်ရေးလော ကမှာ ထိပ်တန်းစာရင်းဝင် ကုမ္ပဏီများက သေးငယ်တဲ့ ကိုယ်ထည် ပုံစံပြုကင်မရာတွေမှာ ပိုမိုကြီးမားတဲ့ Sensors တွေအသုံးပြုရတဲ့ Full-frame mirrorless camera option တွေ အပြိုင်အဆိုင်ဖြစ်လာတဲ့အခြေအနေမှန်ကို Photokina
2018 မှာ လက်တွေ့ မြင်တွေ့ခွင့်ရလိုက်ကြတယ်။

                ၂ဝ၁၈ ခုနှစ်ကို Full-frame ကင်မရာများ လွှမ်းမိုးလာတဲ့နှစ်လို့ပင် မှတ်ချက်ပြုကြရ ပေတော့မယ်။ Nikon တို့၊ Canon တို့၊ Panasonic တို့လို ကုမ္ပဏီတွေက Full-frame mirrorless ကင် မရာသစ်များကိုခင်းကျင်း ပြသတာကိုပင်တွေ့ရတယ်။

Photokina 2018

Photokina 2018

                ပြပွဲကြီးမတိုင်မီ ရက်သတ္တပတ်အလိုက စတင်ရောင်းချခဲ့တဲ့ Nikon Z7 နဲ့ Nikon Z6 ဆိုတဲ့ Full-frame mirrorless ကင်မရာနှစ်မျိုးကို Nikon ပြခန်းမှာပြသတာ တွေ့ရသလို Canon ပြခန်းမှာ မကြာသေးတဲ့ရက်ပိုင်းအတွင်းက ကြေညာခဲ့တဲ့ Canon ရဲ့ EOS-R မော်ဒယ်ကိုထုတ်ပြခဲ့တဲ့အပြင် ပိုပြီးကိုယ်ထည်သေးငယ်တဲ့ 5D Mark IV ကင်မရာကိုလည်း ပြသထားတာတွေ့ကြရတယ်။

                Panasonic ကုမ္ပဏီကနေ SIR နဲ့ SI ဆိုတဲ့ မော်ဒယ်နှစ်မျိုးနဲ့ Full-frame mirrorless ကင်မရာအသစ်တွေကို ပြသခဲ့တယ်။ 47Mp sensor နဲ့ 24MP sensor တွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကင်မရာ မြတ်နိုးသူတွေ မျက်စိကျစရာ ဖြစ်သွားစေတယ်။

                Olympus ကတော့ ဖန်တီးရိုက်ချက်များပြလုပ်ဖို့ Perspective Playground နဲ့ Test lab ကို ခင်းကျင်းပြသရင်း ၂ဝ၁၉ ခုနှစ်မှာ နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်နေ့ ထုတ်လုပ်မယ့် ကင်မရာသစ်များရဲ့အကြောင်းကို အရိပ်အမြွက်သာ တင်ဆက်ပေးခဲ့တယ်။

                Sony ကုမ္ပဏီက ရောင်းအားအကောင်းဆုံးဖြစ်သွားတဲ့ A7 III နဲ့ A7R III မော်ဒယ် Full-frame cameras များကိုပြသရင်း e-Mount lense အသစ် (၁၂) မျိုး ကို လာမယ့် ၂၄ လအတွင်းထုတ် လုပ်ရောင်းချသွားမယ့်အကြောင်း ကို roadmap အဆင်အယင်နဲ့ ပြသသွားတယ်။

                Ricoh ကုမ္ပဏီအနေနဲ့ကတော့ GR III ဆိုတဲ့ compact camera အမျိုးအစားသစ်ကို မိတ်ဆက်ပြသပေးတယ်။ 24 MP APS-C sensors နဲ့ ထူးခြားသစ်လွင်တဲ့ Touchscreen များကြောင့် နှစ်သက်ဖွယ်ရာ ကင်မရာသစ်အဖြစ် မှတ်ချက်ပြုကြရတယ်။

                ကင်မရာသစ်သုံးမျိုးကို မိတ်ဆက်ပြသထားတဲ့ Fujifilm ကုမ္ပဏီရဲ့ပြခန်းကလည်း စိတ်ဝင်စရာ ကောင်းလှပါတယ်။ GFX- 100 မော်ဒယ်၊ GFX- 50R မော်ဒယ်နဲ့ Instax Square SQ20 ဆိုတဲ့ မော်ဒယ်သစ်များကို တွေ့ကြရတယ်။

                စတင်ရောင်းချမယ့်ရက်ကို အတိအကျ မကြေညာပေမယ့် ကမ္ဘာပေါ်မှာ ပထမဆုံး 100-Mp medium format နဲ့ ပထမဆုံး 100-MP mirrorless camera အဖြစ် မြင်တွေ့ခွင့်ရကြတဲ့ Fujifilm GFX- 100 ကင်မရာကတော့ အထူးခြားဆုံးလို့ ပြောနိုင်ပါလိမ့်မယ်။

မှန်ဘီလူး (Lens) များနဲ့ ပတ်သက်လို့ Sigma 60-600 mm f/4.5-5.6 DG OS HSM lens ကိုလူကြိုက်များသလို Samyang ရဲ့ 10 mm ultra-wide angle lens များကိုလည်း အများအပြား စိတ်ဝင်စားကြတယ်။ သတ်မှတ် ရောင်းဈေးဒေါ်လာငွေ ၂၆,ဝဝဝ နဲ့ ချိတ်ဆွဲထားတဲ့ ၃၅ ပေါင်လောက်နီးနီးလေးလံတဲ့ Sigma ရဲ့ 200-500 mm f2.8 bazooka lens ကြီးကိုလည်း ခန့်ထည်စွာတွေ့မြင် ကြရတယ်။

                ပြခန်းတွေနဲ့ ပစ္စည်းတွေကို ရိုက်ကူးမှတ်တမ်းတင်ယူရတဲ့ ပုံရိပ်သစ်ပေါင်း ၁၁၀ ကျော်ရှိခဲ့တဲ့ Photokina 2018 ပြပွဲကြီးရဲ့ ထူးခြားခမ်းနားမှုတွေက ပြန်လည်ဖောက်သည်ချကြရတာကိုပင် တားမရစေတဲ့အထိ ဖြစ်နေပါတော့တယ်။

Originally published at - www.internetjournal.media

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.