ကြင်ယာဖက် ရှာပေးမယ့် Facebook Dating စတင် ထွက်ရှိ | iT Guider
International News News

ကြင်ယာဖက် ရှာပေးမယ့် Facebook Dating စတင် ထွက်ရှိ

FB Dating
Written by iT Guider

Facebook dating feature

                လွန်ခဲ့တဲ့ ၄ လတုန်းက Dating လုပ်ဆောင်ချက်တွေကို Facebook မှာ ထည့်ပေးဖို့ အစီအစဉ် ရှိကြောင်း ကြေညာခဲ့ပါတယ်။ ယနေ့မှာတော့ Facebook Dating ကို ကိုလံဘီယာနိုင်ငံမှာ စတင် စမ်းသပ် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

                Facebook Dating ဟာ လူသုံးများတဲ့ Dating App တခုဖြစ်တဲ့ Hinge နဲ့ တော်တော် ဆင်တူပါတယ်။ Tinder လိုမျိုး Swipe လုပ်ပြီး ရှာတဲ့ပုံစံအစား၊ User တွေကို မေးခွန်းတွေကို ဖြေခိုင်းပြီး၊ သူ့ပရိုဖိုင်က အကြောင်းအရာ တခုကို အခြေခံကာ စကားစပြောကြည့်ဖို့ တိုက်တွန်းတဲ့ ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။

                တခြား Dating App တွေနဲ့ မတူတာက Facebook Dating မှာ ပုံမှန် Facebook ကလိုမျိုး Groups တွေ Events တွေလည်း ပါဝင်ပြီး၊ တယောက်နဲ့တယောက် အပြင်မှာ တွေ့ကြည့်ကြဖို့ တိုက်တွန်းတဲ့ပုံစံမျိုးနဲ့ ချဲ့ထွင်ထားပါတယ်။

                “Facebook ပေါ်မှာ အချိန်းအချက် Dating လုပ်ကြတာက တွေ့နေကြပါပဲ။ Facebook Dating ကတော့ အသုံးပြုသူတွေအတွက် ပိုသုံးရ လွယ်ကူ၊ အဆင်ပြေအောင် လုပ်ပေးထားတာပါ” လို့ Product Manager ဖြစ်သူ Nathan Sharp က The Verge နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

                Facebook Dating ကို လောလောဆယ် Facebook mobile app ကနေပဲ သုံးလို့ရမှာဖြစ်ပြီး၊ Desktop ကနေတော့ ရဦးမှာ မဟုတ်ပါဘူး။ သုံးချင်တယ်ဆိုရင် ဘေးနားက ဟမ်ဘာဂါ မီနူးလို့ ခေါ်တဲ့ မျဉ်းသုံးကြောင်း ပုံစံကို နှိပ်ပြီး၊ ရှာဖွေအသုံးပြုရုံပါပဲ။ အသက် ၁၈ နှစ်နဲ့အထက် Facebook အကောင့်ပိုင်ရှင်တိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လုံးဝ အခမဲ့ဖြစ်သလို၊ ကြော်ငြာတွေ ပိုက်ဆံပေးမှရမယ့် ပရီမီယမ် လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာမဟုတ်ပါဘူး။

                ကိုယ့်ဘက်က သုံးတော့မှ Facebook Dating ထဲ ပါမှာဖြစ်ပြီး၊ မသုံးတဲ့လူတွေကိုတော့ တွေ့ရမှာ မဟုတ်ပါဘူး။ သုံးမယ်ဆိုရင် သီးသန့် Dating Profile တခု ထပ်ဆောက်ပေးရမှာပါ။ ပုံမှန် Facebook အကောင့်ထက် ကိုယ့်ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပိုမိုတိကျပြည့်စုံတဲ့ ပရိုဖိုင်ဖြည့်ရမှာပါ။

                ကိုယ့် Facebook အကောင့်က ပထမဆုံးနာမည်နဲ့ အသက်တို့ကိုပဲ Dating Profile မှာ ဖော်ပြမှာ ဖြစ်တာကြောင့် အကောင့် မသိစေချင်သူတွေအတွက် Privacy ပိုရမှာပါ။ ကိုယ်နဲ့ လိုက်ဖက်မယ့် လူတွေကို ၁၀၀ ကီလိုမီတာ အကွာအဝေးအတွင်းမှာ ရှာနိုင်တဲ့ Feature လည်း ပါဝင်ပါတယ်။ ဒါပေမယ့် တခြား App တွေလိုတော့ Location ပြောင်း ရှာလို့ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

                Facebook မှာ Friend ဖြစ်နေတဲ့သူတွေကို လိုက်ဖက်မယ့် လူစာရင်းထဲမှာ ပြမှာ မဟုတ်သလို၊ Block ထားသူတွေကိုလည်း ပြမှာ မဟုတ်ပါဘူး။ ရည်းစားဟောင်းကို Unfriend လုပ်ထားတယ် ဆိုရင်တော့ ပြန်တွေ့ကောင်း တွေ့နိုင်ပါတယ်။

                Facebook Dating ကို ကိုလံဘီယာနိုင်ငံမှာပဲ လက်ရှိစမ်းသပ်ထုတ်ပေးထားတုန်းဖြစ်ပြီး၊ တခြားနိုင်ငံတွေမှာ ဘယ်တော့ရမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

Ref: The Verge, Tech Crunch
Sources from : https://burma.irrawaddy.com/lifestyle/trend/2018/09/21/170442.html

About the author

iT Guider

Success is the far side of failure.

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.