၂၀၁၇ ခုနှစ်ကို လှုပ်ခတ်စေခဲ့သည့် ထိပ်တန်းနည်းပညာ သတင်းများ
International News News Tech

၂၀၁၇ ခုနှစ်ကို လှုပ်ခတ်စေခဲ့သည့် ထိပ်တန်းနည်းပညာ သတင်းများ

နည်းပညာတစ်နှစ်တာ ဖြတ်သန်းမှုကို ပြန်ကြည့်လိုက်ရအောင်
တစ်နှစ်ပြီး တစ်နှစ် နည်းပညာအသစ်တွေ ထိုးဖောက်ဝင်ရောက်လာကို စောင့်ကြည့်ရတာ ရင်သပ်ရှုမောစရာပါပဲ။ ၂၀၁၇ ကုန် ကာလရောက်ချိန်မှာတော့ တစ်နှစ်လုံး လည်ပတ်လှုပ်ရှားသွားတဲ့ နည်းပညာဖြစ်စဉ်ကြီးကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ထူးထူးခြားခြား လူသိများသွားတဲ့ နည်းပညာသတင်းများကို ပြန်တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီထဲကမှနည်းပညာချစ်ပရိတ်သတ်ကြီးအတွက် အနှစ်ချုပ်ထိပ်တန်းနည်းပညာသတင်းများအကြောင်း တင်ဆက်ပေးသွားမှာပါ။

(၁) Facebook ရယ် Fake News ရယ် ရုရှားရယ်


ကမ္ဘာကြီးက အွန်လိုင်းလူ့ အဖွဲ့ အစည်းကြီး ဖြစ်လာချိန်မှာ လူအချင်းချင်း သတင်းဖလှယ်ရာနေရာဟာ ကမ္ဘာ့လူမှုကွန်ရက်မီဒီယာများ ဖြစ်လာခဲ့ပါတယ်။ ဒီနှစ်ထဲ အံ့စရာတစ်ခုက Facebook ကို လစဉ်သုံးသူ ပမာဏဟာ လူဦးရေ သန်း ၂၀၀၀ ကျော်လာခဲ့တဲ့ အချက်နဲ့ အတူ သတင်းတု/ယောင်များကြောင့် ဒီမိုကရေစီစစ်စစ် ကျင့်သုံးနေပါတယ်ဆိုတဲ့ နိုင်ငံတစ်ခုရဲ့ လွတ်လပ်မျှတခြင်း သရုပ်သကန် ရွေးကောက်ပွဲလမ်းကြောင်းတွေပါ ပြောင်းလဲသွားခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။
၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကို သတင်းမှား ဖြန့် ဖို့ နဲ့ သြဇာလွှမ်းမိုး စွက်ဖက်ဖို့ ရုရှားအစိုးရနဲ့ ဆက်နွှယ်နေတဲ့ အေဂျင်စီတစ်ခုဟာ FAcebook ကြော်ငြာကဏ္ဍမှာ ဒေါ်လာ ၁ သိန်း သုံးခဲ့ပြီး ads ပေါင်း ၃၃၀၀ ခန့် တင်ခဲ့တဲ့ ဖြစ်ရပ်ဟာ လူပြောများခဲ့ပါတယ်။ အခုထက်ထိ ဒီပြဿနာဟာ မီးခိုးမဆုံး မိုးမဆုံး တရုန်းရုန်း တဝုန်းဝုန်းလှုပ်ခတ်ဆဲမို့ ဒါဟာ ၂၀၁၇ ကို ကိုင်လှုပ်ခဲ့တဲ့ နည်းပညာသတင်းတစ်ခုလို့ ပြောရမှာပါ။

(၂) Uber နဲ့ ကမ္ဘာကျော် အရှုပ်အထွေးများ


မင်္ဂလာသတင်းတော့ မဟုတ်ပေမယ့် နှစ်စကနေ နှစ်ဆုံးတိုင်အထိ လူပြောမလွတ်တဲ့ နည်းပညာရပ်ဝန်းရဲ့ သတင်းတစ်ရပ်ကတော့ Uber နဲ့ သူရဲ့ ပြဿနာများအကြောင်းပါ။ ဖေဖော်ဝါရီလထဲမှာ Uber ဝန်ထမ်းတစ်ဦးဖြစ်သူ ဆူဆန်ဖော်လာရဲ့ ဘလော့ဂ်မှာ Uber ကုမ္ပဏီတွင်း လိင်ခွဲခြား စော်ကားမှုများ ၊ လုပ်ငန်းခွင်အတွင်း ကျား/မခွဲခြားဆက်ဆံခြင်းများ အပြင် ကိုယ့်ကိုယ်ကို သတ်သေမှုများ ဂယက်ကနေ Uber တည်ထောင်သူ ထရာဗစ်ကလန်နစ်ခ် အပါဝင် ထိပ်တန်း ရှယ်ယာရှင်များနဲ့ ရာထူးကြီး ခေါင်းဆောင်များ ရာထူးက နှုတ်ထွက်သွားခဲ့ရပါတယ်။ ဒီအရင် သမ္မတထရမ့်ရဲ့ စီးပွားရေးအကြံပေး အဖွဲ့ ဝင်အဖြစ် ကလန်နစ်ခလက်ခံခဲ့တုန်းကလည်း ကုမ္ပဏီရဲ့ ဖောက်သည် ၂ သိန်းကျော်တို့ က သပိတ်မှောက်တဲ့ အနေနဲ့ Uber app များကို ဖုန်းထဲကနေ ဖျက်ပစ်ခဲ့ကြပါတယ်။
ဒီအချက်တွေအပြင် တစ်ချို့ နိုင်ငံတွေမှာ Uber ရဲ့ ဝန်ဆောင်မှုတွေ ပိတ်ခံရတာ ၊ ဈေးကွက်လက်ဝါးကြီးအုပ်ကြောင်း စွပ်စွဲခံရတာအပြင် တစ်ခြားတစ်ခြားသော ခေါင်းခြောက်စရာတွေကြောင့် ဒီနှစ်ကတော့ ကမ္ဘာကျော် Uber ကားအငှားဝန်ဆောင်မှု လုပ်ငန်းအတွက် ပြဿဒါးဆိုက်တဲ့နှစ်လို့ ဆိုရမှာပါ။

(၃) ဆိုင်ဘာလုံခြုံရေး သွေးတိုးချိန်


ဒီနှစ်အတွက် အဆိုးဆုံးနောက်သတင်းတစ်ပုဒ်က ကမ္ဘာ့ဆိုင်ဘာလုံခြုံရေးအတွက် အဆိုးဝါးဆုံးကပ်တစ်ခုထဲ ဝင်လာပြီဆိုတဲ့ သတင်းပါ။ WannaCry ဆိုတဲ့ ransomware တစ်ခုတည်းကတင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်က ကွန်ပျူတာစနစ်ပေါင်း ၃ သိန်းကျော်ကို ဝင်မွှေသွားပြီး ဘဏ် ၊ သယ်ယူပို့ ဆောင်ရေး ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ရေး ၊ တယ်လီကွန်းလုပ်ငန်း ၊ ပညာရေးဆိုင်ရာ ဌာနများ ၊ ဆေးရုံဆေးခန်းများရဲ့ ကွန်ပျူတာစနစ်များ shut down ကျကုန်ပါတယ်။ ဗိုင်းရပ်စ်ကူးခံရတဲ့ စက်တစ်လုံးကို Bitcoin ကနေ ဒေါ်လာ ၃၀၀ စီ ပေးဖို့ အနုကြမ်းစီးပြီးနောက် ကုမ္ပဏီတစ်ချို့ စီးပွားပျက်သွားသလို ကမ္ဘာတစ်ဝန်းမှာ ဒေါ်လာ ဘီလျံနဲ့ ချီပြီး ဆုံးရှုံးမှုများ ရှိသွားခဲ့ပါတယ်။
WannaCry အပြင် ယူကေနဲ့ ပိုလန်အခြေစိုက် Wonga အွန်လိုင်း ငွေချေးဌာနမှာ ရှိတဲ့ ဖောက်သည်ပေါင်း ၂ သိန်းခွဲနီးပါးကို ဟက်ကာများ ဖောက်ထွင်းခြင်း ၊ အမေရိကန် CIA ရဲ့ ဆိုင်ဘာချိုးဖောက်များကို Wikileaks မှ ထုတ်ဖော်ပြောကြားခြင်း ၊ အမေရိကန်မဲဆန္ဒရှင် ၁၄၃ သန်းရဲ့ အချက်အလက်များ ပေါက်ကြားခြင်း ၊ HBO ရုပ်သံလိုင်းရဲ့ နောက်ဆုံးထွက် Games of Thrones ဇာတ်လမ်းတွဲဆိုင်ရာ အချက်အလက်ပေါင်း 1.5TB ကို ဟက်ကာများ ရယူခြင်း ၊ ဒေါ်လာ သန်း ၇၀ ကျော်တန် Bitcoin များကို ဟက်ာများ ခိုးယူခြင်း စတာတွေနဲ့  ကမ္ဘာ့ဆိုင်ဘာလုံခြုံရေးကို သွေးတိုးစမ်းခဲ့ကြပါတယ်။

(၄) Bitcoin ခေတ်သစ် ထွန်းကားလာခြင်း


၂၀၁၇ ခုနှစ် အစပိုင်းက BTC လို့ ခေါ်တဲ့ Bitcoin တစ်ခုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၀၀၀ ပဲ ရှိခဲ့ရာကနေ ဒီနေ့ ဆိုရင် ဒေါ်လာ ၁၇၀၀၀ ကျော်တောင် ပေါက်ဈေးရှိနေပါပြီ။ ပူဖောင်းငွေကြေးတစ်ခုဖြစ်ပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်တယ်လို့ ငွေကြေး ပညာရှင်တွေက တဖွဖွ ပြောကြားခဲ့ပေမယ့် အခုထက်ထိတော့ မိုးပေါ် ပျံနေဆဲပါ။
ဒစ်ဂျစ်တယ်ငွေကြေးတစ်မျိုး ဖြစ်တဲ့ Bitcoin ကို ရဖို့ အလွန်ရှုပ်ထွေးတဲ့ ကွန်ပျူတာ process တစ်ခုကနေ ပုစ္ဆာတွေ ၊ ပြဿနာတွေ ရှင်းရတာ ဖြစ်ပြီး တစ်ကမ္ဘာလုံးက ကွန်ပျူတာ နက်ဝါ့ခ်တွေကနေ စောင့်ကြည့်နိုင်တဲ့ စနစ်တစ်ခုပါ။ ပုစ္ဆာတစ်ဆင့်ချင်းစီအလိုက် သတ်မှတ်ထားတဲ့ Bitcoin ကို ဆုအဖြစ် ရတာပါ။ တစ်ခုရှိတာက Bitcoin Mining ဈေးကွက်ဟာ ဟက်ကာတွေရဲ့ လက်ချက်မိဖို့ အလွန်နီးကပ်သလို အန္တရာယ်အလွန်ကြီးတဲ့ ငွေကြေးစနစ်လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တစ်နေ့ ကို တစ်ကမ္ဘာလုံးက Bitcoin mining လုပ်နေတာကနေ Bitcoin သစ်ပေါင်း ၃၆၀၀ ခန့် ထွက်ပေါ်နေသလို Bitcoin ကတော့ ဆက်ပြီး ဈေးတက်ဖို့ ရှိနေပါတယ်။ ဒစ်ဂျစ်တယ် ရင်းနှီးမြှပ်နှံသူများကတော့ နောက်နှစ်အကုန်မှာ Bitcoin တန်ဖိုးဟာ ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်းပေါင်း ၅၄၀ ကျော်) အထိ ဈေးတက်လာမယ်လို့ သုံးသပ်နေကြပါတယ်။

(၅) မောင်းသူမဲ့ကားတွေ တကယ်တွေ့ မြင်ရတဲ့ နှစ်


ကမ္ဘာ့ကားလောကကို အပြောင်းအလဲ ဖြစ်စေမယ့် မောင်းသူမဲ့ auto pilot စနစ်သုံးကားများရဲ့ ခေတ်ကို ၂၀၁၇ ခုနှစ်မှာ ကျယ်ကျယ်ပြန့် ပြန် မြင်တွေ့ ခဲ့ရပါတယ်။ မောင်းသူမဲ့ကားနည်းပညာအတွက် Google ဟာ Fiat Chrysler နဲ့ ပူးပေါင်းခဲ့သလို Volvo နဲ့ Uber ၊ Delphi နဲ့  Mobileye ၊ Mercedes-Benz နဲ့ Bosch တို့ လည်း နည်းပညာပိုင်းအရ ပူးပေါင်းခဲ့ကြပါတယ်။ ထူးခြားတာက မောင်းသူမဲ့ကားနည်းပညာ တီထွင်ကြံဆရေးမှာ Apple နဲ့ Samsung တို့ လို နာမည်ကြီး စမတ်ဖုန်း ကုမ္ပဏီကြီးများလည်း ပါဝင်နေပါတယ်။
မကြာသေးခင်က ကယ်လီဖိုးနီးယားပြည်နယ် အများပိုင်လမ်းများမှာ မောင်းသူမဲ့ကားကုမ္ပဏီပေါင်း ၂၉ ခုကို စမ်းသပ်ခွင့်ပြုခဲ့ပြီး Google ပိုင်တဲ့ Alphabet Inc ၊ Tesla ကားကုမ္ပဏီပိုင်တဲ့ Telsa Motor နဲ့ Nvidia Corp ကမ္ဘာကျော် General Motors နဲ့ Ford Motor တို့ မှ မောင်းသူမဲ့ကားများလည်း ပြေးဆွဲခဲ့ကြပါတယ်။ Google ပိုင် မောင်းသူမဲ့ကားနည်းပညာကုမ္ပဏီ Waymo ထုတ် မောင်းသူမဲ့ Chrysler Pacifica မီနီဗင်ကားဆိုရင် ယာဉ်မောင်းလုံးဝမသုံးဘဲ စမ်းသပ်ပြေးဆွဲ အောင်မြင်ခဲ့ပါတယ်။

Via : DUWUN

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.