Xiaomi ထုတ် ပထမဆုံး ဂိမ်းစမတ်ဖုန်းရဲ့ Benchmark များ ထွက်ပေါ်လာ - iT Guider
Mobile News Tech

Xiaomi ထုတ် ပထမဆုံး ဂိမ်းစမတ်ဖုန်းရဲ့ Benchmark များ ထွက်ပေါ်လာ

Xiaomi Gaming Smartphone
Written by iT Guider
RAM 8GB သုံးသွားမှာပါ

တန်ဖိုးသင့် ဖုန်းစီးရီးတွေ အထုတ်များတဲ့ Xiaomi ဟာ မကြာခင်မှာ Gaming ဖုန်းသစ်တစ်မျိုးကို ပထမဆုံးအကြိမ် မိတ်ဆက်တော့မှာပါ။ Blackshark နာမည်နဲ့ ထုတ်သွားမယ့် ဒီဖုန်းရဲ့ Benchmark ကို Geekbench app နဲ့ စစ်ထားတဲ့ ရလဒ်တွေအရတော့ ဒီဖုန်းဟာ အန်းဒရိုက်ဖုန်းတွေထဲမှာ အမြန်ဆုံး စံချိန်တင်ထားတဲ့ Galaxy S9+ ထက်တောင် ပိုမြန်ဖို့ ရှိပါတယ်။

Geekbench အက်ပလီကေးရှင်း ဗားရှင်း 4.2.2 နဲ့ တိုင်းတာချက်မှာတော့ Xiaomi BlackShark ဟာ Single-Core ရမှတ် ၂၄၅၂ မှတ်နဲ့ Multi-Core ရမှတ် ၈၄၅၂ မှတ် ရရှိခဲ့တာပါ။ Galaxy S9+ ရဲ့ Geekbench အတိုင်းအတာဟာ Single-Core ၂၄၂၂ မှတ်နဲ့ Multi-Core ၈၃၅၂ မှတ် ရထားတာ ဖြစ်ပါတယ်။ ဒီဖုန်းနှစ်လုံးစလုံးဟာ processor အဖြစ် Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 845 chipset နဲ့ Android 8.0 OS ကို သုံးထားတာပါ။ တစ်ခုရှိတာက Xiaomi ရဲ့ ဂိမ်းဖုန်း BlackShark ဟာ RAM 8GB နဲ့ လာမှာ ဖြစ်ပြီး Galaxy S9+ ကတော့ RAM 6GB ပဲ ပါရှိမှာ ဖြစ်ပါတယ်။

AnTuTu Benchmarking ဆိုက် ရလဒ်များအရလည်း ဒီဖုန်းဟာ လက်ရှိ အသွက်ဆုံး အန်းဒရိုက်ဖုန်းတွေကို ကျော်ဖြတ်နိုင်မယ့် ဂိမ်းဖုန်းအဖြစ် မြင်ရဖို့ ရှိနေပါတယ်။ ဒီဆိုက်မှာတော့ Blackshark ရဲ့ benchmark ကို ၂၇၀၆၈၀ မှတ်ထိ ပေးထားတာပါ။ ကမ္ဘာ့ပထမဆုံး ဂိမ်းဖုန်းအဖြစ် မိတ်ဆက်ထားတဲ့ Razer ဖုန်းကတော့ AnTuTu စမ်းသပ်မှုမှာ ၁၅၇၁၀၃ မှတ် ရထားပါတယ်။ Blackshark ဟာ Razer Phone အတွက် ပြိုင်ဘက်ဂိမ်းဖုန်းအဖြစ် ဈေးကွက်ထဲ မိတဆက်သွားမယ့် ဖုန်းအဖြစ် မြင်ရမှာဖြစ်လို့ Razer Phone လိုပဲ 120Hz Screen ကို သုံးသွားဖို့ ရှိနေပါတယ်။

Blackshark ဂိမ်းဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားကို မသိရသေးပေမယ့် ဒီဖုန်းဟာ 18:9 Aspect Ratio ကိုယ်ထည်နဲ့ လာပြီး Full HD+ (1080 x 2160) Display သုံးသွားမယ်လို့ ဆိုပါတယ်။ Onboard Memory ကိုတော့ 32GB ပဲ သုံးမယ်ဆိုပြီး သတင်းပြေးနေပါတယ်။ Razer ရဲ့ ဂိမ်းဖုန်းကတော့ 64GB storage နဲ့ လာတာ ဖြစ်လို့ Blackshark ရဲ့ Onboard Storage ကတော့ နည်းတယ်လို့ ပြောနိုင်ပါတယ်။ အသေးစိတ်အချက်အလက်များကလည်း တရားဝင် ပြောကြားထားတာ မဟုတ်လို့ ဒီဖုန်းနဲ့ ပတ်သတ်ပြီး နောက်ထပ် သတင်းတွေ စောင့်ရဦးမှာ ဖြစ်ပါတယ်။

Ref : Gsmarena
This contents is contributed by : Duwun.com.mm/tech

About the author

iT Guider

Leave a Comment

This site uses Akismet to reduce spam. Learn how your comment data is processed.